Symmetry

[1]
ငယ်ဘ၀ အစောဆုံး မှတ်ဉာဏ်တွေထဲမှာ အဘိုးနဲ့အဘွားဟာ အမြဲပါခဲ့တယ်။
မှတ်ဉာဏ်တွေ စတင်အသက်ဝင်ခါစ အရွယ်မှာ အဘိုးအဘွားနေထိုင်ရာ ကျေးရွာလေးတစ်ခုမှာ အချိန်တစ်ခုကြာ သွားနေခဲ့ဖူးလို့ပဲ။
ဒီတော့လည်း ကျေးလက်လူနေမှုဘ၀ကို အတွင်းလူအနေနဲ့ မြည်းစမ်းခွင့်ရခဲ့တယ်။
အင်္ဂတွေဘုတ်တိုင်တွေနဲ့ ခြေတံရှည် ပျဉ်ထောင်နှစ်ထပ်အိမ်ကြီးမှာ အရွယ်အမျိုးမျိုး သားသမီးတွေ အများကြီးနဲ့အတူ နေထိုင်တဲ့ ကြီးမားတဲ့ ကျေးလက်မိသားစု။
အမေကတော့ အဲဒီအထဲက ရန်ကုန်မှာ အခြေချဖြစ်တဲ့ သမီးတစ်ယောက် ဆိုပါတော့။
ပတ်ဝန်းကျင်ရဲ့ ဖွဲ့စည်းတည်ဆောက်ပုံမှာ ချောင်း၊ တာ၊ ခြံ၊ လယ်ကွင်းပြင်နဲ့ ကုက္ကိုလ်ပင်တန်း။
သွားရေးလာရေးအတွက် အဓိကအသုံးပြုတာက လှည်းနဲ့ လှေ။
သရုပ်ဖော် ပန်းချီကားတွေမှာ မြင်ရလေ့ရှိတဲ့ အစိမ်းရောင်များများ သုံးထားတဲ့ မြန်မာကျေးလက်ပုံမျိုးပေါ့။
အချိန်ကာလရဲ့ တရိရိတိုက်စားမှုကို ကျော်ဖြတ်လာတဲ့ အထဲမှာ ငြိမ်သက်တိတ်ဆိတ်လှတဲ့ အဘိုးရဲ့ အမှတ်မထင် ပုံရိပ်လေးတွေ ပါဝင်နေတာ အံ့ဩဖို့တော့ ကောင်းတယ်။
အဲဒီအချိန်က လမ်းပန်းဆက်သွယ်ရေး ခက်ခဲပြီး၊ စက်ဘီးဆိုင်ကယ် ရှားပါးတဲ့ မြစ်၀ကျွန်းပေါ် ရွာကလေးမှာ စက်ဘီးနင်းတတ်တဲ့ လူအနည်းငယ်ထဲက တစ်ယောက်အဖြစ် အဘိုးဟာ အလွန်ဂုဏ်ယူခဲ့တယ်။
နောက်ချေးတွေကို အရည်ဖျော်ပြီး ညက်နေအောင် ခင်းထားလို့ သဘာ၀ရနံ့ ရနေတဲ့ တလင်းပြင်ပေါ်မှာ စက်ဘီးတစ်စီးကို ပတ်ချာလည် စီးနင်းပြနေတဲ့ အဘိုးကို သားသမီးတွေ အများကြီးက လက်ခုပ်လက်ဝါးတီးပြီး အားပေးနေခဲ့ကြဖူးတယ်။
အဲဒီမြင်ကွင်းကို အိမ်ပေါ်က လှမ်းကြည့်နေတဲ့ အဘွားက၊ အဘိုးကြီး အမြှောက်ကြိုက်မနေနဲ့။ စက်ဘီးလဲကျလို့ အသက်ထွက်နေမယ်ဆိုပြီး ရယ်သံတစ်ဝက်နေတဲ့ အော်ဟစ်နေပုံ။
ဒီမြင်ကွင်းဟာ အစက်အပျောက်လေးတွေ ထနေတဲ့ အဖြူအမဲရုပ်ရှင်ကားထဲက ဇာတ်ဝင်ခန်းတစ်ခုလို စိတ်ထဲမှာ စွဲမြဲနေတယ်။
အမှန်တော့ ဒါဟာ အဘိုးကို လှုပ်လှုပ်ရှားရှား မြင်ရတဲ့ အနည်းငယ်သော အခိုက်အတန့်လေးတွေထဲက တစ်ခုပဲ။
အများအားဖြင့် အဘိုးဟာ ဖြေးဖြေးနှေးနှေး၊ ငြိမ်ငြိမ်သက်သက်ပဲ ရွေ့လျားနေတတ်တယ်။
ပုဆိုးခပ်ကို ခပ်တိုတိုဝတ်၊ ဒူးတစ်ချောင်းထောင် ထိုင်လျက်သား ပုံစံနဲ့ နှီးဖြာ၊ တောင်း၊ စကောရက်နေတာကတော့ အဘိုးရဲ့ ကိုယ်ပိုင်သင်္ကေတပဲ။
အဲဒီအချိန်တွေဆိုရင် အဘွားဟာ စကောထဲက အဘိုးစင်းထားတဲ့ ဆေးရိုးတွေကို ပြောင်းဖူးဖက်ထဲ ထည့်လိပ်ပြီး အပြစ်တင်စရာ တစ်ခုခုကို ဗြစ်တောက်ဗြစ်တောက် ပြောဆိုနေလိမ့်မယ်။
နေ့တစ်နေ့ရဲ့ အလှည့်ကျ ခေါင်းစဉ်တစ်ခုနဲ့ပတ်သက်လို့ အဘွားက ဘယ်လိုပဲ အပြစ်တင်နေပေမယ့် အဘိုးကတော့ စကားတစ်ခွန်းမှ တုံ့ပြန်မှာ မဟုတ်ဘူး။
နောက်ဆုံး နားမခံနိုင်တော့ရင် ဓားမတစ်ချောင်းကို ခါးကြားထိုးပြီး ခြံထဲဆင်းသွားရင်း တစ်ခုခု ကို ရှာကြံလုပ်နေလိမ့်မယ်။
လယ်သမားတစ်ယောက်အတွက် ခြံထဲမှာ လုပ်စရာ တစ်ခုကတော့ အမြဲရှိနေတာကိုး။
တစ်နေ့တော့ အဘိုးဟာ အုန်းသီးတစ်လုံးကို အခွံခွာပြီး အုန်းမုန့်ခွက်ပေါ်က အုန်းဆံနဲ့ အမှုန်အမွှားတွေကို ဓားမနဲ့ အသေအချာ လွှာပြီး အချောသတ်နေတယ်။
ဒီအဘိုးကြီး လုပ်ပုံနဲ့တော့ ငါ့မြေး ဒီတစ်သက် အုန်းသီးစားရပါတော့မလားလို့ အဘွားက ထုံးစံအတိုင်း လှမ်းပြောတယ်။
အဘိုးကလည်း သူ့ပုံစံအတိုင်း ဘာမှ ပြန်မပြောပဲ အုန်းသီးကိုပဲ ဂရုစိုက်ခွာနေတယ်။
သူ့စိတ်ကြိုက် အချောသတ်ပြီးမှ အဘိုးက အုန်းသီးကို ခွဲလိုက်တယ်။
ပြောင်ချောနေတဲ့ အုန်းသီးကို ဓားမနဲ့ ကန့်လန့်ဖြတ် ခပ်ဆတ်ဆတ်ပေါက်ပြီး အက်ကြောင်းရာ ပေးတယ်။
ပြီးတော့မှ အက်ကြောင်းအတိုင်း ဓားမဦးကို ထိုးထည့်ပြီး အနည်းငယ် ကလန့်လိုက်တဲ့အခါ အုန်းရေတွေဟာ ခွက်တစ်ခုထဲ စီးကျလာတယ်။
အုန်းရေတွေ ကုန်တော့မှ အဘိုးဟာ အုန်းသီးကို ထက်ခြမ်းခွဲချလိုက်တယ်။
ခွဲလိုက်ပုံက ငြိမ်လွန်းတော့ အလယ်တည့်တည့်ကနေ ညီညီညာညာ ထက်ပိုင်းကွဲသွားတဲ့ အုန်းသီးခြမ်းနှစ်ခြမ်း ထွက်ပေါ်လာတယ်။
အထဲမှာတော့ ဝိုင်းစက်နေတဲ့ အုန်းသီးအဖြူသားလေးတွေ။
ဒီတော့မှ အဘိုးဟာ အုန်းသီးအသားတွေကို ဓားနဲ့ စက်ဝိုင်းသဏ္ဍာန်ရစ်ပြီး အုန်းရေထည့်ထားတဲ့ ခွက်ထဲ ထည့်လိုက်တယ်။
ဒီတစ်ခါတော့ ဇွန်းခြစ် မဟုတ်ဘူး၊ ရင့်နေတဲ့ အုန်းသီးခြောက်တစ်လုံး။
ဒီလိုအုန်းသီးအသားမျိုးကိုတော့ ထန်းလျက်နဲ့ စားရင် ပိုလိုက်ဖက်တယ်။
အုန်းသီးခွဲတဲ့ကိစ္စ ပြီးသွားပေမယ့် အဘိုးရဲ့ အလုပ်ကတော့ ပြီးသေးပုံမပေါ်ဘူး။
ဒါမှမဟုတ် အိမ်ပေါ်ပြန်မတက်ချင်လို့လည်း ဖြစ်ချင်ဖြစ်မယ်။
အသားမရှိတော့တဲ့ အုန်းမုန့်ခွက်ရဲ့ ကျောပြင်ကို အဘိုးဟာ ဓားနဲ့ဆက်ပြီး အချောသတ်နေပြန်တယ်။
အဘိုးလုပ်နေတာကို စိတ်ဝင်တစား ဆက်ကြည့်နေမိတယ်။
အချိန်အတော် ကြာသွားတဲ့အခါမှာတော့ အတွင်းရောအပြင်ပါ ချောမွတ်တောက်ပြောင်သွားတဲ့ အုန်းမုန့်ခွက်လေးတစ်ခု ထွက်ပေါ်လာတယ်။
ဓားမနဲ့ပဲ အဘိုးဟာ အုန်းမုန့်ခွက်ကို အပေါက်လေးတွေ ဖောက်တယ်။
ဘေးနားမှာ အဆင်သင့်ရှိနေတဲ့ သစ်သားချောင်းတစ်ချောင်းကို လုံးဝန်းချောမွတ်နေအောင် ဓားနဲ့လွှာနေပြန်တယ်။
နောက်ဆုံးတော့ ချောမွတ်နေတဲ့ သစ်သားချောင်းလေးကို အုန်းမုန့်ခွက်က အပေါက်လေးတွေထဲ အံဝင်ခွင်ကျ ထည့်လိုက်တဲ့အခါ လက်ကိုင်တပ် ရေခွက်လေးတစ်ခု ထွက်ပေါ်လာတော့တယ်။
တကယ်ဆို အဘိုးရက်လုပ်ခဲ့တဲ့ လက်ရာမြောက် တောင်း၊ စကောနဲ့ ဇကာတွေ အများအပြား ရှိခဲ့တာပဲ။
ဒါပေမဲ့ အဲဒါတွေထဲက တစ်ခုကိုမှ မမှတ်မိတော့ဘူး။
ဘာကြောင့်မှန်းမသိပဲ ဒီလက်ကိုင်တပ် အုန်းမုန့်ခွက်ကလေးဟာ စိတ်ထဲမှာ စွဲစွဲမြဲမြဲ ကျန်ရစ်နေတယ်။
“ဒီခွက်လေးနဲ့ သား အရင်ဆုံး ရေသောက်ကြည့်မယ်” လို့ အဘိုးကို ပြောခဲ့မိလိမ့်တယ် ထင်တယ်။
အဘိုးကလည်း ထုံးစံအတိုင်း ဘာမှမပြောပဲ ပြုံးပြီး ခေါင်းကိုပဲ အသာညိတ်ပြခဲ့လိမ့်မယ်။
အဘိုးဟာ စကားနည်းလွန်းတယ်။
ဆုံးမစကားရယ်လို့ မှတ်မှတ်ရရ ပြောသွားတာမျိုး မရှိဘူး။
အမွေလည်း ပေးမသွားဘူး။

[2]
ဆယ်စုနှစ်တစ်ခုစာအတွင်း အချိန်အတော်များများမှာ ဖန်တီးမှုမိုးခေါင်တာနဲ့ ကြုံတွေ့ခဲ့ရတယ်။
ပြောချင်၊ ရေးချင်၊ ဖန်တီးပုံဖော်ချင်တဲ့ ဇာတ်လမ်းတွေ အများကြီးပဲ။
ဒါပေမဲ့ အဲဒီစိတ်ကူးတွေဟာ ကဗျာ၊ ၀တ္ထု၊ အက်ဆေး စသည် ရှေ့နောက်ညီပြီး အစီအစဉ်ကျနတဲ့ အချောသတ်လက်ရာတွေ ဖြစ်မလာဘူး။
ဘာမှမထူးဆန်းလှပေမယ့် ခံစားလို့တော့ သိပ်မကောင်းဘူး။
အိပ်မက်ဆိုးတစ်ခုထဲမှာ အသားကုန် အော်ဟစ်နေပေမယ့် အသံထွက်မလာတဲ့ အတွေ့အကြုံလိုပဲ။
အဲဒီနောက်မှာတော့ မထင်မှတ်တာတစ်ခု ဖြစ်လာတယ်။
အာရုံကြောစနစ်ကို နှစ်ပေါင်းများစွာ ဖိစီးထားတဲ့ ဆေးတစ်မျိုးကို ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး စတဲ့ အကြောင်းပြချက်တွေကြောင့် ရပ်နားခဲ့တယ်။
ထင်မှတ်မထားတဲ့ အကျိုးဆက်အဖြစ်၊ တစ်သက်လုံး ပိတ်မိနေခဲ့တဲ့ စိတ်ကူးတွေကို ဆက်တိုက်ဆိုသလို အရေးအသားအဖြစ် ဖန်တီးလာနိုင်ခဲ့တယ်။
ပထမတော့ တိုက်ဆိုင်မှုတစ်ခုလား ထင်လိုက်သေးတယ်။
ရေးနိုင်တော့လည်း ကောင်းတာပဲ၊ ဘယ်လောက်အထိ ဆက်သွားမလဲ ကြည့်ရမှာပေါ့။
ဒီလိုအခြေအနေမျိုးက ဘာမှ အာမခံချက်ရှိတာ မဟုတ်ဘူး။
အချိန်ကြာလာပေမယ့် ဖန်တီးမှုအရှိန်က ရပ်သွားမယ့်ပုံ မပေါ်ဘူး။
ဒီတော့လည်း အတိုင်းထက်အလွန်ပေါ့။
တစ်ဖက်မှာလည်း အနည်းငယ် ရယ်စရာ၊ ကသိကအောက်ဖြစ်စရာ ကောင်းတဲ့ ကိစ္စလေးတစ်ခုလည်း ရှိနေတယ်။
အဲဒါကတော့ စာတွေ အများကြီး ရေးနိုင်လာတဲ့ အချိန်ဟာ LLM ဆိုတဲ့ အေအိုင်တွေ အရှိန်အဟုန်နဲ့ ဖွံ့ဖြိုးလာတဲ့အချိန်နဲ့ တိုက်ဆိုင်နေတာပဲ။
ပြီးခဲ့တဲ့နှစ်ပိုင်းအတွင်း အေအိုင်တွေဟာ လူအများစုသုံးစွဲနိုင်တဲ့ နေ့စဉ်သုံးနည်းပညာ ဖြစ်လာခဲ့ပြီး ရှေ့နောက်ဆီလျော်တဲ့ “စာအရှည်ကြီး” တွေကို မည်သူမဆို ရေးသားထုတ်နိုင်သလို ဖြစ်လာတယ်။
(အေအိုင်အကူအညီနဲ့) လူတိုင်းလိုလို စာရေးနိုင်လာတာနဲ့ ပတ်သက်လို့ ဘာမှမကျေနပ်စရာ မရှိပါဘူး။
တစ်ဖက်မှာလည်း ဖန်တီးမှုတန်ဖိုးရှိတယ်လို့ ကိုယ့်ကိုယ်ကိုယ်ယူဆတဲ့ စာတစ်ပုဒ်ဖြစ်လာဖို့ အိုင်ဒီယာ၊ အချိန်နဲ့ ဖန်တီးမှုစွမ်းရည် အတော်လိုအပ်တာကို သိနေတယ်။
အဲဒီလို အားထုတ်ရမှုကို အေအိုင်နဲ့ဖန်တီးမှုအဖြစ် အထင်မှားခံရရင်တော့ သိပ်အဆင်မပြေဘူး။
ဘယ်သူမှတော့ အဲဒီလို စွပ်စွဲတာမျိုး မရှိပါဘူး။
အံ့မခန်းဖန်တီးမှုစွမ်းရည်နဲ့ အေအိုင်တွေ ပေါ်လာပြီးနောက်ပိုင်း ဒီဘက်ခေတ်ရဲ့ ဖန်တီးရေးသမားတွေ အားလုံးလိုလို ခံစားနေရတဲ့ မလုံခြုံမှုမျိုး ဖြစ်လိမ့်မယ်။
ဒီထက်ပိုပြီး တစ်ကိုယ်ရည်ဆန်တဲ့ ကိစ္စလေးတစ်ခုလည်း ရှိနေသေးတယ်။
အဲဒါကတော့ ကိုယ့်ရဲ့ ရေးဟန်အရ ရှေ့နောက်ခေါက်ချိုးညီနေတဲ့ ပုံစံလေးတွေ ရေးမိတတ်တာပဲ။
ဖြစ်နိုင်ရင် ရှေ့ဝါကျနဲ့ နောက်ဝါကျကြားမှာကို ဆက်စပ်တစ်ခုမှု အမြဲရှိနေစေချင်တယ်။
Breaking Bad ထဲမှာ Crystle Meth ကို ရှူကြည့်ပြီး တူကိုဆိုတဲ့ ဇာတ်ကောင်က Tight Tight Tight! လို့ ရေရွတ်လိုက်သလို အရသာမျိုး ရစေချင်တယ်။
ဒီလို ခေါက်ချိုးညီမှုကို စွဲလန်းတာက ဘယ်က အစပြုခဲ့သလဲ မပြောတတ်ဘူး။
စာတစ်ပုဒ်ရဲ့ ဇာတ်သိမ်းပိုင်းဟာ အဖွင့်ပိုင်းကို ပတ်ချာလည် ပြန်လည်ချိတ်ဆက်သွားတာမျိုး ရေးရတာကို အကျင့်ပါနေတယ်။
တမင်ကြိုးစားပြီး ချိတ်ဆက်နေတတာတော့ မဟုတ်ဘူး။
သဘာ၀အရ ဖြစ်နေတာမျိုးပဲ။
အစီအစဉ်မကျပဲ ဗရမ်းဗတာနိုင်လွန်းတဲ့ လောကကြီးကို ကိုယ်ထိန်းချုပ်နိုင်တဲ့ ဘောင်ထဲက ဖွဲ့စည်းပုံ သေးသေးလေးတွေနဲ့ အနည်းငယ် အာခံကြည့်ဖို့ ကြိုးစားကြည့်တာလို့ ပြောရင် ဘယ်လိုနေမလဲ။
တစ်ခါတလေလည်း ဒီအလေ့အကျင့်ကို ကလေးဆန်တယ်လို့ ခံစားမိပြန်တယ်။
တီထွင်ဖန်တီးမှုနဲ့ အနုပညာအရည်အသွေးကို လျော့ပါးစေသလားတောင် အတွေးဝင်မိတယ်။
ဒါမှမဟုတ် ကိုယ့်ကိုယ်ကိုယ် မထိန်းနိုင်တဲ့ အလွန်အကျူး စွဲလန်းစိတ်မျိုးဆိုရင်ရော။
အခုထိတော့ ဒီအလေ့အကျင့်ကို ရပ်တန့်မရနိုင်သေးဘူး။
ရပ်တန့်သင့်ရဲ့လားတောင် မသေချာပါဘူး။
အခုဆိုရင် အေအိုင်ကို သုံးရင်သုံးတတ်သလို အချိုးညီမှု၊ Pattern တွေကို ချိတ်ဆက်မှုနဲ့ လှည်ကွက်ဇာတ်သိမ်းတွေကို အလွယ်တကူ ဖန်တီးလို့ရနေပြီ။
ရှေ့နောက်ညီတဲ့ အချိုးညီမျှမှုဟာ အေအိုင်ဆန်တဲ့ အရေးအသားမျိုးအဖြစ်တောင် ထင်မြင်လာကြရပြီ။
ဒါပေမဲ့ ဒီအချက်ကြောင့်တော့ အစ၊ အလယ်၊ အဆုံး ချိတ်ဆက်မှုမရှိတဲ့ ကျပန်းအရေးအသားမျိုးတွေရေးဖို့ အဆင်သင့် မဖြစ်သေးဘူး။
ဟိုရောက်ဒီရောက် ဦးတည်ရာမဲ့ ရေးရုံနဲ့ စာပေရဲ့ လေးနက်မှု၊ စာရေးသူရဲ့ ရင့်ကျက်မှုကို ထင်ဟပ်စေမလား ဆိုတာလည်း မသေချာပါဘူး။
ဘာပဲဖြစ်ဖြစ် အနုစိတ် ချယ်သချင်စိတ်ဟာ သွေးထဲသားထဲမှာကို ရှိနေတယ်လို့ ခံစားရတယ်။
DNA ထဲမှာ တံဆိပ်နှိပ်ပြီးသလို ခံစားရတယ်။
ဖြစ်နိုင်ရင် ဘယ်သူ့ကိုမှ ဂရုမစိုက်ပဲ ဒီအမှတ်အသားကို ရနိုင်သလောက် ဆက်လက်သယ်ဆောင်သွားချင်တယ်။


Leave a Reply

Your email address will not be published. Required fields are marked *