[1]ငယ်ဘ၀ အစောဆုံး မှတ်ဉာဏ်တွေထဲမှာ အဘိုးနဲ့အဘွားဟာ အမြဲပါခဲ့တယ်။မှတ်ဉာဏ်တွေ စတင်အသက်ဝင်ခါစ အရွယ်မှာ အဘိုးအဘွားနေထိုင်ရာ ကျေးရွာလေးတစ်ခုမှာ အချိန်တစ်ခုကြာ သွားနေခဲ့ဖူးလို့ပဲ။ဒီတော့လည်း ကျေးလက်လူနေမှုဘ၀ကို အတွင်းလူအနေနဲ့ မြည်းစမ်းခွင့်ရခဲ့တယ်။အင်္ဂတွေဘုတ်တိုင်တွေနဲ့ ခြေတံရှည် ပျဉ်ထောင်နှစ်ထပ်အိမ်ကြီးမှာ အရွယ်အမျိုးမျိုး သားသမီးတွေ အများကြီးနဲ့အတူ နေထိုင်တဲ့ ကြီးမားတဲ့ ကျေးလက်မိသားစု။အမေကတော့ အဲဒီအထဲက ရန်ကုန်မှာ အခြေချဖြစ်တဲ့ သမီးတစ်ယောက် ဆိုပါတော့။ပတ်ဝန်းကျင်ရဲ့ ဖွဲ့စည်းတည်ဆောက်ပုံမှာ ချောင်း၊ တာ၊ ခြံ၊ လယ်ကွင်းပြင်နဲ့ ကုက္ကိုလ်ပင်တန်း။သွားရေးလာရေးအတွက် အဓိကအသုံးပြုတာက လှည်းနဲ့ လှေ။သရုပ်ဖော် ပန်းချီကားတွေမှာ မြင်ရလေ့ရှိတဲ့ အစိမ်းရောင်များများ သုံးထားတဲ့ မြန်မာကျေးလက်ပုံမျိုးပေါ့။အချိန်ကာလရဲ့ တရိရိတိုက်စားမှုကို ကျော်ဖြတ်လာတဲ့ အထဲမှာ ငြိမ်သက်တိတ်ဆိတ်လှတဲ့ အဘိုးရဲ့ အမှတ်မထင် ပုံရိပ်လေးတွေ ပါဝင်နေတာ အံ့ဩဖို့တော့ ကောင်းတယ်။အဲဒီအချိန်က လမ်းပန်းဆက်သွယ်ရေး ခက်ခဲပြီး၊ စက်ဘီးဆိုင်ကယ် ရှားပါးတဲ့…